ကိုယ်ထူကိုယ်ထဖွင့်လှစ်ကြသည့်ကျောင်းများ များစွာရှိပါသည်။
တစ်ဦးချင်းအလှူရှင်များ ၊ အဖွဲ့အစည်းလိုက် လာရောက်လှူဒါန်းကြသည်များအပေါ် မှီခို၍ ကျောင်းများ ရပ်တည်ကြပါသည်။
ထိုအခါ ပညာရေးအမည်ခံ စားဖားများ ပေါ်ပေါက်လာတော့သည်။ အဖွဲ့အမျိုးမျိုးခေါင်းစဉ်တပ်၍ တချို့က သုံးဖွဲ့၊ တချို့က လေးဖွဲ့ တွင် လူကြီးတာဝန်ယူကာ ၎င်းတို့ စိတ်ကြိုက် ချယ်လှယ်ကြတော့သည်။
ပုံမှန် အလှူရှင်များရှိစဉ်က ကျောင်းများအနေနှင့် စာသင်နှစ်ကုန်အထိ လည်ပတ်နေနိုင်သည့် အတွက် ပြဿနာ ဟူ၍မသတ်မှတ်ပဲ သည်းခံနေကြသည်။
သို့သော် ယခု ပညာသင်နှစ်တွင် ကျောင်းများအား ထောက်ပံ့နေသည့် အလှူရှင် တော်တော်များများသည်
မြန်မာပြည်အတွင်းသို့ ၀င်ရောက်သွားသည့်အတွက် ကျောင်းများအနေနှင့် စာသင်နှစ်ကုန်အထိ ဖွင့်လှစ်
နိုင်ရေးသည် အဓိက ပြဿနာတရပ်ဖြစ်လာတော့သည်။
နှစ်စက CCME ဟုခေါ်တွင်သည့် အဖွဲ့ကြီးသည် ကျောင်းများ စုပေါင်း၍ proposal တင်ခြင်းသည် ပိုမို အဆင်ပြေသည်ဟု ပြောသည့်အတွက် စုပေါင်းပြီး proposal တင်ခဲ့ကြသည်။
သို့သော်လည်း ထောက်ပံ့ငွေ ကျလာသည့်အခါ လက်သင့်ရာ စားတော်ခေါ်ပြီး လုံးဝကျန်ခဲ့သည့်ကျောင်း
ကျန်ခဲ့လေသည်။ ထိုကျောင်းများရှိ ဆရာ/ဆရာမ များအတွက် ထောက်ပံ့ကြေးဟူ၍ လုံးဝ မရှိသည့်အတွက်
ရေရှည်ရပ်တည်ဖို့ ဆိုသည်မှာ မလွယ်ကူလှချေ။
တနည်းအားဖြင့် ကျောင်းဆရာများ၏ အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။
BMTA ခေါ် ရွေ့ပြောင်းကျောင်းဆရာများအစည်းအရုံး အနေဖြင့်လည်း ထောက်ပံ့ကြေးများ ဖြတ်တောက်ခံ
ရခြင်း၊ ဆရာလစာများ မရရှိခြင်းအပေါ် တာဝန်ယူခြင်းမရှိပဲ ခေါင်းရှောင်နေသည်။
အဘယ်ကြောင့်ဆိုသော် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အဖွဲ့အသီးသီးတွင် ၎င်းတို့ကိုယ်တိုင် လူကြီး
လုပ်နေကြခြင်း ဖြစ်သည့်အတွက်ပင် ဖြစ်သည်။
ကျောင်းများကို ထောက်ပံ့နေသည့်အဖွဲ့အစည်းများနှင့်လည်း တိုက်ရိုက်ဆက်ဆံခွင့်မပေးပဲ ၎င်းတို့ကသာ
ထိန်းချုပ်ထားလေသည်။ အလှူများက မေးမြန်းသောအခါ ၎င်းတို့၏ စိတ်ကြိုက်သာ ဖြေဆိုကြလေသည်။
ရွေ့ပြောင်းအလုပ်သမားများရှိနေသ၍ မြန်မာပြည်၏ စီးပွားရေး၊ လူမူရေး၊ ပညာရေး အခြေအနေ မကောင်း
သ၍ ကာလပတ်လုံး ရွေ့ပြောင်းကျောင်းများလည်း တည်ရှိနေရပေအုန်းမည်။
သို့အတွက် ပညာရေးအမည်ခံ စားဖားကြီးများအနေနှင့် မိမိတို့လုပ်ရပ်များကို ရပ်တန်းမှ ရပ်ကာ
ကိုယ့်ဖို့သာ ကိုယ်မကြည့်ပဲ ကလေးများ၏ နောင်ရေးကိုပါ ကြည့်ရှုတတ်သည့် ပညာရှိ သူတော်ကောင်းကြီး
များ အလျင်အမြန်ဖြစ်ကြပါစေ ဟု ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
ဆရာသန့် (သွေးသစ်)
No comments:
Post a Comment