အလှူရှင်တွေ အလှူငွေလျော့ချဖြတ်တောက်မှုရဲ့ အကျိုးဆက်အဖြစ် ထိုင်းမြန်မာနယ်စပ်တလျောက် ဘော်ဒါဆောင်ကျောင်းတွေက ရွေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ စားသောက်နေထိုင်ရေး မရေမရာဖြစ်မှုနဲ့ကြုံတွေ့နေရသလို တချို့ကျောင်းတွေ ပိတ်ရဖွယ် ရှိနေပါတယ်။
အလှူရှင် တွေ နည်းသွားတာကြောင့် ကရင်ပြည်နယ် တဖက်ကမ်း ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်၊ ဖိုးဖရ၊ မယ်ရမ၊ အုန်ဖန် မြို့နယ်တွေမှာရှိတဲ့ ဘော်ဒါဆောင်ထား ရွေ့ပြောင်းမြန်မာကျောင်း ၃၀ ကျောင်း အခက်အခဲ ကြုံနေကြရတာပါ။
အခက်အခဲ ကြုံနေရတာနဲ့ပတ်သက်လို့ ဒေါက်တာစင်သီယာမောင်က “ဘော်ဒါဆောင်ကိုပေးတဲ့အဖွဲ့အစည်းတွေကတော့ နယ်သာလန်တို့၊ အမေရိကားတို့ အားလုံးစုပြီးတော့ ပေးကြတဲ့ အစီအစဉ်ပေါ့။ ဒီဘော်ဒါဆောင်တွေမှာ ရှိတဲ့ ရိက္ခာဘက်ဂျက်က အခု မပြည့်မီတဲ့အတွက်ကြောင့်ကြိုပြီးတော့ အကြောင်းကြားထားတာပေါ့။ အလှူငွေတွေက ၆ လစာပဲ ကျမတို့မှာ ရှိထားတယ်။ ကျန်တဲ့ ၆ လအတွက်ကတော့ စိတ်မချရသေးဘူး။ ဒီနှစ်ထဲမှာတော့ ကျမတို့က တဦးချင်းအလှူရှင်တွေ နည်းသွားတယ်ပေါ့။ ပြည်တွင်းထဲကို သွားကြရတာလည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ်လည်း သူတို့ စိတ်ဝင်စားတဲ့ တခြားကျောင်းတို့၊ ဆေးရုံတို့ အဲဒီလို လုပ်ငန်းစဉ်တွေ ပြောင်းတာလည်း ဖြစ်နိုင်တယ်။ ပုံမှန်အားဖြင့် အလှူရှင် ကြီးကြီးတွေက လိုအပ်ချက်ရဲ့ တဝက်ကို ပံ့ပိုးနိုင်ပြီး ကျန်တဲ့တဝက်ကျတော့ တဦးချင်းအလှူရှင်နဲ့ပဲ သွားရတယ်ဆိုတော့ တဦးချင်းအလှူရှင်တွေရဲ့ ရန်ပုံငွေတွေကလည်း ကျမတို့ မပြည့်မီတာလည်း ရှိတာပေါ့” လို့ ပြောပါတယ်။
နယ်စပ်တ လျောက်မှာ ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသားပေါင်း ၃ ထောင်လောက်ရှိပြီး ဒီကလေးတွေအတွက် လစဉ် ထိုင်းဘတ် ၉ သိန်းလောက် ကုန်ကျနေတယ်လို့ ဆိုပါတယ်။
“က လေး တယောက်ကို ကျမတို့ လျာထားချက်ကတော့ ဆန်ဆိုရင် ၁၃ ကီလို၊ ဆီဆိုရင် ကီလိုဝက် ၊ နောက် ပဲ၊ အချိုမှုန့်၊ ဆားနဲ့ပေါင်းရင် ကလေး တယောက်အတွက်ကို တလကို ဘတ် ၃၀၀ ရှိတယ်။ အခု ကလေး ၃၀၀၀ နီးပါးလောက်ကို ကူညီတာဆိုတော့ တလကို ၈ သိန်းနဲ့ ၉ သိန်းကြားမှာ ကျမတို့ ရန်ပုံငွေ လိုအပ်တယ်။”
မဲ ဆောက်မြို့ ကွယ်ကဘော ဘော်ဒါဆောင်ကျောင်းက ဒါရိုက်တာ မန်းဗလစိန်ကတော့ လာမယ့် ဇူလိုင်လမှာ ကျောင်းပိတ်ရမယ့် အနေအထားဖြစ်နေတယ်လို့ ပြောပါတယ်။
“ ဘော်ဒါဆောင်ရှိတဲ့ ကျောင်းတွေကို ဇူလိုင်လကျရင် ကူညီနေတဲ့ ပုဂ္ဂိုလ်တွေကဆက်လက်မကူညီနိုင်တော့ဘူးဆိုပြီး အခုကတည်းက ပြောလာတော့ ကျောင်းကလည်းဖွင့်ပြီ၊ နွေရာသီကျောင်းပိတ်ရက်တုန်းက ပြော တယ်ဆိုရင် ကျနော်တို့က ဒီနှစ်က ပိတ်ထားရင်လည်း ပိတ်ထားရမှာ။ အခုကဖွင့်နေပြီဆိုတော့ တော်တော် ခက်တာပေါ့။ ဘာနဲ့စားမလဲ ဒီအင်အားက ကျွေးဖို့ကလည်း မလွယ်ဘူးလေ။ အလှူရှင်က သူတို့အနေနဲ့ကတော့ ရန်ပုံငွေတွေ မရှိတော့လို့ ရပ်လိုက်တာပေါ့။”
ကွယ်က ဘောကျောင်းမှာ ကျောင်းသားဦးရေ ၄၀၀ နီးပါးရှိပြီး အများစုကတော့ ပြည်တွင်း နယ်မြေလုံခြုံမှု အရ ကျောင်းတက်နိုင်တဲ့ အနေအထားမရှိလို့ လာတက်ကြရတဲ့ ကျောင်းသူကျောင်းသားတွေဖြစ်တယ် လို့ ပြောပါတယ်။
နယ်စပ်တ လျောက် ရွေ့ပြောင်း မြန်မာကွန်မြူနတီကျောင်းပေါင်း၇၅ ကျောင်းရှိပြီး ဘော်ဒါဆောင်ဖွင့်ကျောင်း တွေ ကတော့ ၃၀ ကျောင်းရှိပါတယ်။
ဒီကျောင်းတွေကို ပုဂ္ဂလိက အလှူရှင်တွေကပဲ စာရေးအထောက်အကူ၊ အစားသောက်၊ ကျောင်းဆရာ လစာ စတာတွေကို ကူညီနေကြတာပါ။
No comments:
Post a Comment